မုံရွာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မုံရွာ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်၍ မုံရွာမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း   မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို မုံရွာမြို့ ပြည်သူ့ဆေးရုံးကြီးအပြင် ဒေါနခြံရပ်ကွက် မြဝတီဂရုဏာဆေးပေးခန်းနှင့် အလုံ ကျေးလက်ကျန်းမာရေးဌာနတို့တွင် စုရပ်များခွဲပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိ​ပြီး ကာကွယ်ဆေးအားလုံးကို သတ်မှတ်ထားသော အကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန် တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ နှစ်ရက်ကြာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)