ကျန်းမာရေးဝန်ကြီးဌာန၊ အထူးကုဆရာဝန်ကြီးများ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မုံရွာ အောက်တိုဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာန ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် မုံရွာခရိုင်အတွင်းရှိ မိဘပြည်သူများအတွက် စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက  ခုတင် (၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ တွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့  ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ အထူးကုဆရာဝန်ကြီး၊ ဦးနှောက်နှင့်အာရုံကြောရောဂါ အထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကု ဆရာဝန်ကြီး၊ အသည်းရောဂါကု အထူးကုဆရာဝန်ကြီး၊ နှလုံးရောဂါ အထူးကုဆရာဝန်ကြီး၊ အရိုး၊ အကြော၊ အဆစ်ရောဂါ အထူးကုဆရာဝန်ကြီး၊ ဦးနှောက်နှင့်အာရုံကြောရောဂါ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကု ဆရာဝန်ကြီးတို့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသကြသော ပြည်သူများအား သက်ဆိုင်ရာရောဂါများအလိုက် ကျန်းမာရေးသုံး စက်ကိရိယာများဖြင့် စပ်းသပ်ကုသဆောင်ရွက်ပေးခဲ့ကြသည်။

ခုတင် (၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့တွင် အောက်တိုဘာ (၁၆)ရက်နေ့မှ အောက်တိုဘာ (၁၇)ရက်နေ့အထိ  နံနက် (၉းဝဝ)နာရီမှ ညနေ (၄း၀၀) နာရီအထိ နှစ်ရက်ကြာ လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး မည်သူမဆို လာရောက်ပြသ ကုသနိုင်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)