သာပေါင်း အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့ကို မြိုနယ်လူမှု၀န်ထမ်းဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်၀ယ်သို့ စတင်လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယ သုံးလပတ်(ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ)သုံးလစာ လူမှုရေးပင်စင် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်စီဖြင့် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးအဘိုး(၂၉၂)ဦး၊ အဘွား(၄၉၈)ဦး သက်ကြီးဘိုးဘွား (၇၉၀)ဦးတို့အတွက် ပေါင်းငွေကျပ်(၂၃၇၀၀၀၀၀)၊ နှစ်ရာသုံးဆယ်ခုနှစ်သိန်း ကျပ်တိတိကို သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်