ငဖဲမြို့နယ်တွင် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ကျေးရွာများအရောက် ဆက်လက် ရောင်းချပေး

ငဖဲ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံ ပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိသာ ငွေကျပ် ၅၀၀၀ နှုန်းဖြင့်  ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍  ငဖဲမြို့နယ်အတွင်းရှိ ပန်းထိန်းကျေးရွာအုပ်စု၊ ပေါင်းကလေးကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာအုပ်စုနှင့် မန်းတမံမှ  ပြည်သူများအား  စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့်  ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပေးရာသို့ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က ဦးဆောင်ကြီးကြပ်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအဖွဲ့ အစည်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများက ဝယ်ယူအားပေးသူများအား စနစ်တကျ တန်းစီ၍ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ပန်းထိန်းကျေးရွာအုပ်စုတွင် စားအုန်းဆီ ပိသာ(၄၈၀)၊ ပေါင်းကလေး ကျေးရွာအုပ်စုတွင် ပိသာ(၃၆၀) နှင့် မာန်အောင်ကျေးရွာအုပ်စုတွင် ပိသာ(၃၆၀)နှင့် မန်းတမံတွင် ပိသာ(၁၀၀) စုစုပေါင်း အိမ်ထောင်စု (၁၃၀၀)စု အတွက် စားအုန်းဆီ ပိသာ ၁၃၀၀ ကို တစ်ပိသာလျှင် ငွေကျပ် ၅၀၀၀ နှုန်း ဈေးနှုန်းချိုသာစွာဖြင့် စနစ်တကျတန်းစီ၍ ဖြန့်ဖြူးရောင်းချ ပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏ စားဝတ်နေရေး အထောက်အကူဖြစ်စေခဲ့ကြောင်းနှင့် ဒေသခံ ပြည်သူများ စားသုံးဆီဖူလုံစေရေးအတွက် ရပ်ကွက်/ကျေးရွာများအရောက် ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)