အညာဒေသကထွက်ရှိပြီး ပြည်တွင်းသာမက ပြည်ပသို့ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော မုံရွာမြို့က တန်းဖိုးမြှင့် ရှားစောင်းလက်ပတ် လူသုံးကုန်လုပ်ငန်း

မုံရွာ အောက်တိုဘာ ၁၅

တွေ့ဆုံမေးမြန်း- ဦးမြင့်နိုင်စိုး လက်ထောက်ညွှန်ကြားရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်။

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီအနေဖြင့်  အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ MSMEs လုပ်ငန်းရှင်များအား ထောက်ပံ့အားပေး ကူညီလျက်ရှိရာ MSMEs လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသောကဏ္ဍတစ်ခု ဖြစ်လာသကဲ့သို့ ဒေသတွင်းထွက်ကုန်ပစ္စည်းများ အမျိုးမျိုးထုတ်လုပ်နိုင်လာသောကြောင့် ပြည်ပမှ တင်သွင်းရသည့် သွင်းကုန်များ လျော့နည်းကာ ပြည်ပသို့ တင်ပို့ရောင်းချရသည့် ပို့ကုန်များ ပိုမိုဖွံ့ဖြိုးလာသဖြင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာစေပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အညာဒေသထွက် ကုန်ကြမ်းများဖြင့် တန်ဖိုးမြှင့် လူသုံးကုန်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ ထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တိုင်းဒေသကြီးအစိုးရအနေဖြင့် အားပေးလျက်ရှိပြီး လုပ်ငန်းရှင်များအား နည်းပညာနှင့် ငွေကြေးများ ရင်းနှီး ထောက်ပံ့ပေးလျက်ရှိပြီး တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးတို့ကိုလည်း  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ‌အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် ၁၈၈၇ ဦးရှိပြီး ရင်းနှီးငွေ ကျပ် ၃၁၈၂ သန်းရှိကာ တစ်နှစ်ထုတ်လုပ်မှု ကျပ်သန်းပေါင်း ၂၃၇၅၆ ဒဿမ ၂၃၉ သန်း ရှိကြောင်း တိုင်းဒေသကြီး အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

တိုင်းဒေသကြီးအတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များထဲမှ မုံရွာမြို့တွင် အညာဒေသက ထွက်ရှိသည့် ရှားစောင်းလက်ပက်ဖြင့် တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အညာမြေကုန်အမှတ်တံဆိပ် ရှားစောင်းလက်ပက် လူသုံးကုန် ချက်ဆေးထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုများနှင့် ပတ်သက်၍ လုပ်ငန်းရှင်တစ်ဦးနှင့် သွားရောက် တွေ့ဆုံမေးမြန်းမှုကို ပြန်လည်မျှဝေလိုက်ပါသည်။

မေး။ ။ ပထမဦးစွာ အမရဲ့အမည်၊ ကုန်အမှတ်တံဆိပ်နဲ့ ထုတ်ကုန်ပစ္စည်းများကို မိတ်ဆက်ပြောကြားပေးပါအုံးခင်ဗျ။

ဖြေ။  ။ ကျွန်မ အမည်ကတော့‌ ဒေါ်သီတာဇင်ပါရှင့်၊ အညာမြေ ကုန်အမှတ်တံဆိပ်အမည်နဲ့ အမျိုးသမီးတို့အားထားရာ ရှား‌စောင်းလက်ပတ်ချက်ဆေးနှင့် သဘာဝအူလမ်းရှင်းယို တို့ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချ‌လျက်ရှိပါတယ်ရှင့်။ 

မေး    ။ ဒီလုပ်ငန်းစတင်ပြီးလုပ်ဖြစ်ခဲ့ပုံကို ရှင်းပြပေးပါဦး။

ဖြေ။ ။ ဒီ ရှားစောင်းလက်ပတ်ချက်‌ ဆေးလုပ်တာကတော့ ကျွန်မအမေက စခဲ့တာပါ။ ပြောရမယ် ဆိုရင်တော့ အမေသွေးဆုံးကာစအချိန်မှာ ဒီချက်ဆေးကို ကိုယ်တိုင်စဖော်ခဲ့ပါတယ်။ ကိုယ်တိုင် သုံးခဲ့ပါတယ်။ အမေစလုပ်ခဲ့တဲ့ လုပ်ငန်းကို ကျွန်မတို့က "အညာမြေ" ကုန်အမှတ်တံဆိပ်အမည်နဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့မှာ မှတ်ပုံတင်ပြီး စတင်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခဲ့ပါတယ်။

မေး။ ။ အခုလို မြန်မာတိုင်းရင်းဆေးကို ထုတ်လုပ်ပြီးတော့ ဈေးကွက်ရရှိအောင် ဆောင်ရွက် ခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါအုံးခင်ဗျ။

ဖြေ။  ။ ကုန်အမှတ်တံဆိပ်အမည်နဲ့ စတင်ဖြန့်ဖြူးရောင်းချတဲ့နောက်ပိုင်းမှာတော့ ကျွန်မအနေနဲ့ Online ကနေလည်းကြော်ငြာတယ်၊ လူမှုမီဒီယာတွေကနေပြီးဆေး‌ သုံးစွဲပုံ၊ ရောဂါပျောက်ကင်း တာတွေ၊ လက်လီလက်ကား ရောင်းချလိုသူတွေ စတာတွေနဲ့ ကြော်ငြာပါတယ်။ အရင်ကတည်းကလည်း သုံးစွဲသူရှိနေပြီးသားဖြစ်တာရယ်၊ ဆေးကိုကြုက်နှစ်သက်ကြတာ တွေရယ်ကြောင့် ပြည်တွင်းမှာသာမကပါဘူး။ ပြည်ပတွေအထိ အခုဆို ထုတ်လုပ်ဖြန့်ဖြူးပေးနေရပါပြီ။

မေး။ ။ လက်ရှိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ အခြေအနေလေးတွေ ဘယ်လိုရှိလဲ၊ ရှင်းလင်း ပေးပါအုံး ခင်ဗျ။

ဖြေ။ ။ ကျွန်မတို့အနေနဲ့ ဒီ အညာမြေ ကုန်အမှတ်တံဆိပ် အမည်နဲ့ ရှားစောင်းလက်ပက်ချက်ဆေး ကို လက်လီတစ်ဗူးလျှင် ၈၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးပါတယ်။ လက်ကားဝယ်ယူ ရောင်းချလိုသူတွေ၊ လက်ကားမှာယူလိုသူတွေဆီကိုလည်း ပို့ပေးနေပါတယ်။ လက်ရှိ‌မှာ ရောင်းကောင်းတဲ့ လဆိုရင်  တစ်လမှာ ဗူးရေ တစ်သိန်းအထက် ရှိပါတယ်။ ရောင်းမကောင်းတဲ့ လဆိုရင်‌ တောင်  ဗူးရေ ၃ သောင်းအထက် ဝန်းကျင်တော့ ရောင်းရပါတယ်။ ပြည်တွင်းသာမကပဲ ပြည်ပအထိ တင်ပို့ ရောင်းချလျက်ရှိပါတယ်။

မေး။ ။ ရှားစောင်းလက်ပတ်ချက်ဆေး စားသုံးခြင်းဖြင့် ရရှိတဲ့ အကျိုးကျေးဇူးတွေ၊ အာနိသင်တွေကိုလည်း ရှင်းပြပေးပါအုံးခင်ဗျ။

ဖြေ။ ။ အမျိုးသမီးတွေ လစဉ်ဓမ္မတာလာတိုင်းမှာ နာကျင်တာကိုက်ခဲတာကို တော်တော်များများ ခံစားကြဖူးမှာပါ။ ဓမ္မတာလာရက်နီးလို့စားချင်တာတွေ မစားရတာမျိုး။ ရာသီထိန်မှာ ကြောက်လို့ ရှောင်လိုက်ရတာမျိုး ကြုံတွေ့ဖူးမှာပါ။ ကျမကိုယ်တိုင်လည်း ဒီဝေဒနာတွေ ခံစားဖူးပါတယ်။ အမျိုးသမီးတွေ လစဉ်လတိုင်း အပူအပုပ်တွေကင်းအောင်။ ချုပ်တတ်တဲ့ အစာတွေစားလို့လည်း မထိန်မချန်ပဲ ပုံမှန်လည်ပတ်နေအောင်၊ လစဉ်လတိုင်းရာသီမမှန်တာ၊ ရာသီထိန်တာ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို ရှားစောင်းလက်ပတ်ချက်ဆေးကို ပုံမှန် စားသုံးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ မြန်မာဆေးစွမ်းကောင်းလေးပါ။ ဒါ့အပြင် အမျိုးသမီးတွေ သွေးဆုံးဖြစ်တဲ့ အချိန်တွေမှာ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေလည်း သက်သာပျောက်ကင်း စေပါတယ်။ သွေးဆုံး/သွေးဖြတ်ကိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေပြီး ခေါင်းမကြည်မလင်ဖြစ်ခြင်း၊ စားမဝင် အိပ်မပျော်ဖြစ်ခြင်းနှင့် အမျိုးသမီးကျန်းမာရေးတို့အတွက် များစွာအထောက်အကူ ရရှိစေမှာဖြစ်ပါတယ်။ အိမ်ထောင်သည်အမျိုးသမီးတွေဆို သားသမီးမရနိုင်သေးတဲ့ အချိန်အခါတွေမှာ သားအိမ်အားကောင်းစေလို့ သားသမီးရလွယ်ပါတယ်။ သန္ဓေတားဆေးတွေကြောင့် ရာသီမလာပဲ ဖြစ်နေတာမျိုးတွေရှိရင် ညစဉ် လက်ဖက်စားဇွန်းနဲ့ ၃ ဇွန်းလောက် စား‌ပေးရုံနဲ့ ပုံမှန်ရာသီလာပါတယ်။

မေး။ ။ ရှားစောင်းလက်ပက်ချက်ဆေးထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို ဘယ်လို စုဆောင်းရရှိပါသလဲ။ ရှင်းပြပေးပါအုံး။

ဖြေ။ ။ အဓိကကုန်ကြမ်းဖြစ်တဲ့ ရှားစောင်းလက်ပတ်ပင်ဆိုတာ ကျွန်မတို့အညာဒေသက ထွက်ပါတယ်။ အညာဒေသမှာဖြစ်ပါတယ်။ ပြောရမယ်ဆို ကုန်ကြမ်းရရှိဖို့ သီးသန့်စိုက်ခင်းတွေ ရှိတယ်။ လိုအပ်လို့ ကုန်ကြမ်းမှာယူဝယ်ရတာလည်း ရှိပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကတော့ ရှားစောင်းလက်ပတ်၊ ထန်းဖိုဦးထန်းလျက်၊ နှမ်းနက်ဆီ၊ ကြက်သွန်ဖြူ တစ်လုံးဥ၊ ဆားပုတ်ခဲ၊ စမုန်နက်၊ အုန်းသီး၊ စမုန်မျိုးငါးပါးနဲ့ မန်ကျည်သီးတို့ ပါဝင်ပါတယ်။

မေး။ ။ ရှားစောင်းလက်ပက်ချက်ဆေးကို နည်းပညာမြှင့်ပြီးဒီထက်မက ပိုမိုထုတ်လုပ်ရောင်းချဖို့ အစီအစဉ်တွေ ရှိရင်ပြောပြပါအုံး။

ဖြေ။ ။ ဟုတ်ကဲ့ပါရှင့်။ ဒီအညာမြေ ရှားစောင်းလက်ပက်ကို ပြည်တွင်းသာမကပါဘူး။ ပြည်ပ နိုင်ငံတွေမှာအထိ အရောင်းကိုယ်စားလှယ်တွေက မှာယူရောင်းချနေပြီ ဖြစ်ပါတယ်။ ပြည်တွင်း မှာတော့ ( ၆ ) လအထိ တာရှည်ခံနိုင်လို့ အဆင်ပြေပေမယ့် ပြည်ပအထိ တင်သွင်းရောင်းချရာမှာ ဒီထက်မက ပိုမိုကြာရှည်ခံဖို့ လိုအပ်လာပါတယ်။ ဒီထက်မကလည်း အရည်အသွေး ပိုမို ကောင်းမွန်အောင် နည်းပညာတွေ လိုအပ်လာပါတယ်။ ဒါကြောင့်မို့ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်တဲ့ သီးနှံတာရှည်ခံ နည်းပညာ လွှဲပြောင်း ပေးအပ်ခြင်း သင်တန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ တက်ရောက်ခဲ့ပြီး အဆင့်မြှင့်နည်းပညာတွေနဲ့ ဆက်လက်ဖော်ထုတ်ရောင်းချသွားမှာဖြစ်ပါတယ်။

မေး။ ။ အမအနေနဲ့ ရှားစောင်းလက်ပတ် သုံးစွဲနေတဲ့ ပရိသတ်တွေရော၊ မသုံးစွဲရသေးတဲ့ အမျိုးသမီးတွေကိုရော ဖြည့်စွက်ပြောကြားလိုတာလေးရှိရင်  စကားလက်ဆောင်လေး ပြောပေးပါအုံး။

ဖြေ။ ။ သဘာဝအတိုင်းချက်လုပ်ဖော်စပ်ထားတဲ့ ရှားစောင်းလက်ပတ် ချက်ဆေးဟာ အမျိုးသမီးတိုင်းအတွက် အားထားစရာ ဆေးကောင်းတစ်ခုဖြစ်တာမို့ ပုံမှန်ဝယ်ယူ အားပေးကြပါအုံးလို့ ပြောချင်ပါတယ်။ လက်ကားမှာယူချင်တဲ့သူတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်။ အမျိုးသမီးများအတွက်သာ မကပါဘူး အမျိုးသားများအတွက်လည်း သုံးဆောင်နိုင်ပါတယ်။ ရှားစောင်းလက်ပတ် ကနေပြီး ချက်ဆေးအပြင် သဘာဝ အူလမ်းရှင်းယို ကိုလည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း သတင်းပါးချင်ပါတယ်။

ခရိုင်(ပြန်/ဆက်)