မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

မကွေး အောက်တိုဘာ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ၊ ဦးတည်ချက်(၁၂)ရပ်ကို ချမှတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ရာတွင် စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSMEs)များကို ရေရှည် အာမခံချက်ရှိအောင် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်၊ အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ဟူသည့် ဦးတည်ချက်အား များစွာ အထောက်အကူပြုပါကြောင်း ၊ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရုံးချုပ်၊ ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅)ခုရှိ မြို့ပြနှင့် ကျေးရွာပေါင်း (၁၅၅)ရွာ ရွေးချယ်ပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်း၌ စီမံကိန်းလုပ်ငန်း(၉)ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်းလုပ်ငန်းများ ဖော်ဆောင်ရာတွင် ဒေသတစ်ခု ထုတ်ကုန်တစ်ခု စီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့် စီမံကိန်း၊ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်စီမံကိန်း၊ ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူ‌ထောင်ပေးရေး စီမံကိန်းနှင့် ဘိန်းအစားထိုး အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းတို့ကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ကျေးရွာများ၏ ဒေသထွက် ကုန်ကြမ်းများပေါ် မူတည်၍ အသက်မွေး ဝမ်းကျောင်းသင်တန်းများ ပို့ချပေးခြင်း၊ လုပ်ငန်းထူထောင် မည့်သူများ ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သော နည်းပညာများ ထောက်ပံ့ကူညီပေးခြင်း၊  ဒေသဖွံ့ဖြိုး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဓါတ်ခွဲစမ်းသပ် စစ်ဆေးပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်း၊ လုပ်ငန်း ထူထောင်လုပ်ကိုင်စေခြင်းတို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလို အသေးစား ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးကို ဆောင်ရွက်ပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာခြင်းကြောင့် မိသားစုဝင်ငွေ တိုးပွားလာပြီး နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ ယနေ့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် စီမံကိန်းကျေးရွာများမှ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများမှ ထူးချွန်သင်တန်းသားများအနေဖြင့် လုပ်ငန်းထူထောင်နိုင်ရန် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ချီးမြှင့်သွားမှာဖြစ်၍ အသေးစားကုန်ထုတ်လုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက် အောင်မြင်အောင် ကြိုးပမ်းလုပ်ကိုင်ကြစေလိုကြောင်းနှင့် ထောက်ပံ့ပေးအပ်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကို အကျိုးရှိရှိ အသုံးချပြီး ဝင်ငွေရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအနက်မှ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဖြစ်သည့် ဆိုင်ကယ်ပြင်သင်တန်း၊ စက်ချုပ်သင်တန်း (၂)ခုနှင့် Bakery & Snack သင်တန်းတို့မှ ထူးချွန်သင်တန်းသား(၂၀)ဦးကို လုပ်ငန်းထူထောင်နိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ထူးချွန်သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မကွေးခရိုင်ပြန်/ဆက်