လွိုင်ကော် အောက်တိုဘာ ၁၅
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ဘီလူးချောင်း ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ကွတ်ရပ်ကွက်အတွင်း ဘီးလူးချောင်းတစ်လျှောက် ရေဝင်ရောက်သည့်အိမ်ထောင်စုများမှ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် နမ့်ကွတ်ရပ်ကွက်အတွင်း ဘီလူးချောင်းရေမြင့်တက်လာပါက ရေနစ်မြှုပ်မှု မရှိစေရန် ကာရံထားသည့် မြေထိန်းနံရံများ ကြံ့ခိုင်မှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး ရေဝင်ရောက်နိုင်သော ကြံခိုင်မှုအားနည်းသည့် နေရာများတွင် သဲအိပ်များထပ်မံမြင့်တင်ခြင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြည်နယ်ဆည်မြောင်း ဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ဘီလူးချောင်းတစ်လျှောက် အမှိုက်သရိုက်များနှင့် သဲနှုန်းများ ဆယ်ယူနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ဘီလူးချောင်းကိုဖြတ်သန်းသည့် တံတားများကြံခိုင်မှု အခြေအနေနှင့် ရေမြှင့်တက်လာမှုအခြေအနေများကို ဘီလူးချောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်သွားကြရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့အသီးသီးမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မှုံပြာကျေးရွာအတွင်းရှိ ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်ခြံဝင်းများအတွင်း ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။
လွိုင်ကော်မြို့ရှိ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း ဘီလူးချောင်းတစ်လျှောက်ရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုရှိခဲ့သော်လည်း လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)