ကနီ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ည ၇ နာရီခန့်မှစတင်၍ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် လမ်းတံတားပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကနီမြို့ပေါ် အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက် ချောင်းရိုးဘေးရှိ လူနေအိမ်များ ချောင်းရေတိုက်စားခြင်းနှင့် အနိမ့်ပိုင်းဒေသများရှိ လူနေအိမ်များ ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ပြိုကျပျက်စီးခဲ့သည်။ မိုးထပ်မံရွာသွန်းပြီး ချောင်းရေကြီးလာပါက ချောင်းရေတိုက်စားခံရနိုင်သည့်နေအိမ်များအား အောက်တိုဘာ ၁၄ ရက်နေ့တွင် တာဝန်ရှိသူများက ကြိုတင်ပြောင်းရွှေ့ပေးမှုများဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(၁၇၈)