အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ

အုတ်တွင်း အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  အမျိုးသမီးအသင်း (Woman Club)တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်၊ တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ မိဘများအနေဖြင့် ပန်းလှလှကို ရလိုလျှင် ဥယျာဥ်မှူးကောင်းများ ဖြစ်ရန်လိုအပ်၍ သားကောင်း၊ သမီးကောင်းများရလိုလျှင် ကိုယ်တိုင် မိဘကောင်းဖြစ်ရန် လိုအပ်ပါကြောင်းနှင့် ရိုးသားမှုကြိုးစားမှုများဖြင့် လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြစေရန် ရည်ရွယ်၍ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် အမျိုးသမီးအသင်း(Woman Club) အဖွဲ့ ဥက္ကဋ္ဌ ဒေါ်တင်တင်အေးက မိဘတိုင်းသည် ကလေးကို ပြုစုပျိုးထောင်ရာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်းဟူ၍ နှစ်မျိုးနှစ်စားရှိ‌ကြောင်း၊ ဥယျာဥ်မှူးသည် ပန်းကိုလိုချင်ရင် ပန်းပင်ကို ပြုစုပျိုးထောင်ရသလို သားကောင်း၊ သမီးကောင်း ရလိုသူတို့သည် ရှေးဦးစွာ ကိုယ်က မိဘကောင်းဖြစ်ရန်လိုအပ်ပါကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး၊ အမျိုးသမီးအသင်း (Woman Club) အဖွဲ့ဝင်များက‌ မိဘနှင့် ဥယျာဥ်မှူး၊ မိဘလောင်းတို့ ရှောင်ကြဥ်ရန်၊ မိဘလောင်းတို့ ဆောင်ရန်၊ ကလေးနှင့်အာဟာရ၊ ကလေးနှင့်ဉာဏ်ရည် စသည့် စာအုပ်ပါခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးကြသည်။

ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များက အမြင်ချင်းဖလှယ်ကာ အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)