မင်းလှမြို့နယ်တွင် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

အထက်မင်းလှ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်‌လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းများ လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့ အနေဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျေးလက်လမ်းများလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် လုပ်ငန်း(၄)ခု၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့်လုပ်ငန်း(၃)ခုတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် မင်းလှမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာဒေါ်သီရိဖြိုးဝေဝင့်နှင့် သရက်ခရိုင် လုပ်ငန်းအရည်အသွေးစစ်ဆေး ရေးတာဝန်ခံအင်ဂျင်နီယာ ဦးခိုင်မင်းစိုးတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

မင်းလှမြို့နယ်တွင် ကျေးလက်လမ်းများအားလမ်းခင်းခြင်းဆောင်ရွက်ပြီးပါက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးပိုမိုအဆင်ပြေ ချောမွေ့လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)