မင်းဘူး အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မှန်ကင်းကျောင်းဝင်းအတွင်းရှိ ကိုးခန်းကြီး (ခေါ်) ဝတ်ကြီးလိုဏ်ဂူအတွင်းမှ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်သော ရှေးဟောင်းယဉ်ကျေးမှုလက်ရာ နံရံဆေးပန်းချီများမှာ အုတ်၊ အင်္ဂတေများကွာကျ၍ ပျက်စီးယိုယွင်းနေပြီ ဖြစ်သောကြောင့် ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မင်းဘူးမြို့ မှန်ကင်းကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အရှင်ပုည၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ဝတ်ကြီးလိုဏ်ဂူအတွင်းမှ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်၍ ပျက်စီးယိုယွင်းနေသောနံရံမှ ဆေးပန်းချီများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဂူအတွင်းရှိ နံရံမှဆေးပန်းချီများမှာ ပုဂံခေတ်မှလက်ရာများဖြစ်ပြီး ဘုရင်၊ မိဖုရားနှင့် မင်းညီမင်းသားများအပြင် စစ်သည်တော်များ၊ နတ်သား၊ နတ်သမီး ရုပ်ပုံများတွေ့ရှိရပြီး ဒီဂူနံရံပေါ်မှ ဆေးပန်းချီများဟာ ယခုအချိန်တွင် ပျက်စီးယိုယွင်းနေ၍ ကြည့်ရှုလို့မရသော်လည်း သူငယ်ငယ် ဆေးပန်းချီများမပျက်ခင်က လက်ရာများမှာ ထင်ရှား၊ ပြတ်သားကာ အသက်ဝင်၍ အလွန်လက်ရာမြောက်လှကြောင်း ရှေးနှစ်ပေါင်းတစ်ရာကျော်က အဆောက်အဦ တစ်ခုဖြစ်သော်လည်း ကြည့်ရှုလို့မရတာ ၁၅ နှစ်လောက်သာရှိကြောင်း မယ်ဘေ့ကုန်းကျေးရွာမှ အသက် ၇၇ နှစ်အရွယ်ရှိ သမိုင်းသုတေသီ ဆရာကြီးဦးကျော်စိန်းဝင်းက ပြောသည်။
ဇေယျာထက်(မင်းဘူး)