ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ပဲခူး အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အရိယာမဂ္ဂင်လူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး ယမန်နေ့က ပဲခူးမြို့နယ် စိုင်တီကျေးရွာ၊ စိုင်တီတောင်ကျောင်းကြီးဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၌ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသောပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးကြသည်။

ရှေးဦးစွာ ရေကြီးနစ်မြုပ်ဒဏ်ခံရသည့်ရေဘေးရှောင်ပြည်သူများအား အရိယာမဂ္ဂင်လူမှုကူညီရေးအသင်းမှ ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး ရေဘေးရှောင်စခန်းရှိပြည်သူများအား ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အရိယာမဂ္ဂင်လူမှုကူညီရေးအသင်းမှကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးကြသည်။

ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးရာတွင် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာအဖွဲ့အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများက အာဟာရနှင့်ပတ်သက်သည့်ရောဂါများ၊ ပုံမှန်ကာကွယ်ဆေးထိုးခြင်းများ၊ သွားကျန်းမာရေးနှင့်ပတ်သက်သည့်ရောဂါများ၊ တီဘီရောဂါ၊ ငှက်ဖျား၊ အနာကြီးရောဂါ၊ ကူးစက်နိုင်သည့်ရောဂါနှင့် မကူစက်နိုင်သည့်ရောဂါများအားကုသပေးခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အရိယာမဂ္ဂင်လူမှုကူညီရေးအသင်းတို့က လိုအပ်သည့်ကူညီပံ့ပေးပို့မှုများ ပြုလုပ်ပေးကြသည့်အပြင် ရေဘေးသင့်ပြည်သူများအတွက် အရိယာမဂ္ဂင်လူမှုကူညီရေးအသင်းမှ ဦးကျော်မျိုးထွန်းဦးဆောင်သည့် အသင်းသား/အသင်းသူများက ရေသန့်၊ ကော်ဖီ၊ အချိုရည်၊ ထမင်းဘူး၊ မုန့်မျိုးစုံ၊ အဝတ်အထည်နှင့် ဆေးဝါးများအား အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့လှူဒါန်းပေးကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)