ပုသိမ် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်ရှိ တိုင်းရင်းဆေးရုံဝန်းအတွင်း၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ ဖန်းခါးကွင်းကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာရှိ တောင်သူဦး မျိုးမြင့်၏ လယ်မြေတွင် ပြုလုပ်သည့် မှော်ဘီ-၃ မျိုးစပါး (၉)ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧက (၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိစေရေး အတွက် အထွက်တိုးမျိုးစပါးများ ပြောင်းလဲအသုံးပြုခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ များမြေခံထည့်သွင်း စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ရာ တစ်ဧကအထွက်နှုန်းများ တိုးတက်လာသည်ကိုတွေ့ရှိနေပြီဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများတိုးမြှင့် ဆောင်ရွက်ရန် လိုပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးဆက်လက်ဆောင်ရွက် သွားကြရန်ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ တောင်သူဦးမျိုးမြင့်၏ လယ်မြေတွင် မှော်ဘီ-၃ မျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာတစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၁၂၇)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)