မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ပဲခူးမြို့ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့်အစားအစာများလှူဒါန်း

ပဲခူး အောက်တိုဘာ ၁၅

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ယမန်နေ့က ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်အစားအစာများ လာရောက်လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် ပဲခူးတ်ိုင်းဒေသကြီးသဘာဝဘေးကွပ်ကဲမှုရုံးသို့သွားရောက်၍ ပဲခူးမြို့ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေကျပ်သိန်း(၁၀၀)အားလှူဒါန်းရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်များနှင့်အတူ ရွှေလှေဘူတာကျေးရွာသို့သွားရောက်၍ သိမ်ကုန်းကျောင်းတိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းများလှူဒါန်းပြီး ရွှေလှေဘူတာကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု(၆၀)စုအတွက် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့်မုန့်မျိုးစုံတို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။

ယင်းနောက် ရွှေလှေဘူတာကျေးရွာမှ ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်နှင့် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာတို့က ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး ကိုယ်ဝန်ဆောင်မိခင်များကို အားဆေးများပေးဝေခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့်အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်များနှင့်အတူ ပဲခူးမြို့ပေါ်ရှိ ကလျာဏီရပ်ကွက်သို့သွားရောက်၍ ရေကြီးနစ်မြုပ်လျက်ရှိသည့် နေအိမ်၊ လမ်းများသို့ အိမ်တိုင်ရာရောက်သွားရောက်ပြီး အိမ်ထောင်စု(၁၅၀)စုအား ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် မုန့်မျိုးစုံတို့ကို သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)