ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကသာ အောက်တိုဘာ ၁၄

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် ကသာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက လူငယ်များအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက စွမ်းအားစုဖြစ်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ အားကစားကဏ္ဍဖြင့် လူငယ်ကဏ္ဍကို မြှင့်တင်ပေးရင်း အားကစား စိတ်ဓာတ်မှသည် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးတို့ကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံအရာရှိ ဦးစိုးမင်းလတ်က ကျန်းမာသန်စွမ်းသော လူငယ်များဘဝရရှိရေးအတွက် အားကစားသည် အရေးပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍကို မြှင့်တင်နိုင်ရေးတို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ကသာမြို့နယ် လက်ဝှေ့(Boxing) နည်းပြဆရာကြီး ဦးစိုးသိန်းက ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် ကာယဗလနှင့် ပြည့်စုံရန် အဓိက အရေးကြီးပါကြောင်း၊ ထိုသို့ ပြည့်စုံရန်အတွက် လက်ဝှေ့အားကစားနည်း သာမက အခြားသော အားကစားနည်းများကိုလည်း လေ့ကျင့်ဖို့ လိုအပ်ပါကြောင်း၊ မိမိအတွက် ကြိုးစားမှုမှသည် ဒေသတစ်ခု၊ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် ဂုဏ်ယူနိုင်သည့် လူငယ်များ ဖြစ်လာမည်ကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော လက်ဝှေ့အားကစားနည်း သင်တန်းသား/ သင်တန်းသူ များက လက်ဝှေ့အားကစားနည်းကို သင်ယူလေ့လာရခြင်း အကြောင်းနှင့်  ရရှိခဲ့သော အကျိုးကျေးဇူးများကို တစ်ဦးချင်း ဆွေးနွေးပြောကြားခဲ့ကြပြီး လက်ဝှေ့အခြေခံ လေ့ကျင့်မှုများကို သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ကသာမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကသာမြို့နယ် လက်ဝှေ့(Boxing) သင်တန်းမှ သင်တန်းနည်းပြ ဆရာကြီးနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသူများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လူငယ်နှင့် အားကစားရေးရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။