ပဲခူး အောက်တိုဘာ ၁၄
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များ၌ ရေကျန်ရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြစ် စိုးရိမ်ရေအမှတ်အောက် ကျဆင်းသွားသော်လည်း ရေတားပန်းတာအပြင်ဘက်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပဲခူးမြစ်နှင့်ဆက်စပ်လျက်ရှိသော ကျောက်တွင်းကုန်းရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်တို့အတွင်း ရေကျန်ရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ၎င်းနောက် ကျောက်ကြီးစုရပ်ကွက်အတွင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေသန့်စင်စက်တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် ရေသန့်အခမဲ့ဖြန့်ဝေပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့သည့် ကျောက်ကြီးစုရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများရှိ ရေဆိုးများအား စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျ စွန့်ထုတ်ပေးရန်နှင့် ရေကြီးနစ်မြှုပ်မှုကြောင့် ဖြစ်ပေါ်နိုင်လာသည့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ သန့်ရှင်းရေးပြုလုပ်နေသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းလှိုင်ရပ်ကွက် အဓိကလမ်းမကြီးများအား သန့်ရှင်းရေးပြုလုပ်နေမှုနှင့် ရေကြီးနစ်မြှုပ်ခဲ့သည့် ပဲခူးမြို့၊ မြို့မဈေးကြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေမှုတို့အား လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးမြို့ ရေဘေးအတွက် တိုင်းဒေသကြီးသဘာဝဘေးကွပ်ကဲမှုရုံးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း(၁၀၀၀)၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၁၅၀)တန်ဖိုးရှိ ငါးခြောက်မျိုးစုံ(၁၃၀၀)ပိဿာ၊ မြန်မာမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ငွေကျပ်သိန်း(၁၀၀)နှင့် မန္တလေးတိုင်ဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမိသားစုမှ ငွေကျပ်သိန်း (၈၀)တန်ဖိုးရှိ ဆန်အိတ်(၁၀၀)တို့အား ထောက်ပံ့လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)