လွိုင်ကော် အောက်တိုဘာ ၁၄
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးရေးအတွက် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ အဆင့်မြှင်ပညာတက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများတွင် အပတ်စဉ် စနေနေ့တိုင်းစုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)နှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများ ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ ၊ဆရာမများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ၊ သစ်ပင်ခြုံနွယ် ခုတ်ထွင်ရှင်းလင်းနေမှုများ၊ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကာ သန်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေကြသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပေ ၇၀ X ပေ ၃၀ (၂) ထပ် စာသင်ဆောင်အသစ် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ရက်အတွင်း အချိန်မှီ ပြီးစီးစေရေးနှင့် အရည်အသွေး ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်းနှင့် အဆိုပါ(၂)ထပ် စာသင်ဆောင်အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)