မုံရွာ အောက်တိုဘာ ၁၄
မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာနေဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးရုံပတ်ဝန်းကျင် ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများသူများသို့ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်ထောင်စုဈေးကြီးတွင် မြို့ပေါ်ရှိရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား သက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးရှိ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဝန်ထမ်းသက်သာချောင်ချီရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များရောင်းချနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၃၀ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၅၀၀ ဦးကျော်ဖြင့် ပြည်သူ့ဆေးရုံကြီးများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)