ထားဝယ် အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ငါးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လောင်းလုံးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပရာ ငါးမွေးမြူရေးစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် လောင်းလုံးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဝင်းက အယ်နီညိုရာသီဥတုဖြစ်စဉ်အရ အပူချိန်မြင့်မားမှုကြောင့် ရေငွေ့ပျံမှုများပြီး ငါးမွေးကန်များတွင် ရေအသစ်လဲလှယ်ရန် ရေလှောင်ကန်များထားရှိရေး၊ ငါးမွေးကန်များတွင် ပျော်ဝင် အောက်ဆီဂျင်မြင့်တက်လာစေရန် ဆောင်ရွက်ရေး၊ ငါးကောင်ရေလျှော့ချမွေးမြူရေးနှင့် ငါးရောဂါများ ဖြစ်ပွားလာနိုင်ခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည်များ စသည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)