မြိတ် အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် HPV ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့် HPV ကာကွယ်ဆေးကို အသက် (၉)နှစ်မှ(၁၀)နှစ်ထိ မိန်းကလေးငယ်(၂၆၀၀)ကျော်ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် စတင်ထိုးနှံပေး လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်း ဖွင့်ပွဲ အခမ်းအနားကို မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ပိုင်းက ကျင်းပခဲ့ပြီး မိန်းကလေးငယ်များအား HPV ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက စတင် ထိုးနှံပေးခဲ့ကြ၍ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ကာကွယ်ဆေးထိုးအစီအစဉ် ဖွင့်ပွဲအခမ်းအနားတွင် HPV ကာကွယ်ဆေး အသစ် စတင်ထည့်သွင်းခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပညာပေးဗီဒီယိုပြသ၍ မိန်းကလေးငယ်များအား ကာကွယ်ဆေးများ စတင်ထိုးနှံပေးသည်။
မြိတ်မြို့တွင် HPV ကာကွယ်ဆေးကို အသက်(၉)နှစ်မှ(၁၀)နှစ်ထိ မိန်းကလေးငယ်(၂၆၀၀)ကျော်ကို ထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေးကို ရပ်ကွက်/ကျေးရွာများအလိုက် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အတိုင်း ကာကွယ်ဆေးထိုးစုရပ်(၁၆၄)နေရာဖြင့် စတင်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )