ဒေသထွက် ပုဇွန်လုံးကျော်များ ရောင်းချချိန်ဖြစ်၍ မိသားစုအတွက် အဆင်ပြေ

မြင်းမူ အောက်တိုဘာလ ၁၄

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် မိရိုးဖလာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် မြစ်ရေနှင့်အတူ အင်းများအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး  ယင်းရေများကျဆင်းချိန်တွင် အင်းများအတွင်း လယ်ပုဇွန်အများအပြား ပေါက်ဖွားကျန်ရှိခဲ့ရာ ဒေသခံအချို့က ဖမ်းယူကာ ပုဇွန်ကြော်ပြုလုပ်ရောင်းချကြရာ မိသားစုအတွက် ဝင်ငွေရရှိချိန်ဖြစ်သည်။

တော်သီလင်း၊ သီတင်းကျွတ်လ ရေကျဆင်းချိန်ရောက်ရှိပါက ပုဇွန်လုံးအများကို ဖမ်းယူရရှိချိန်ဖြစ်ကြောင်း၊ ဖမ်းယူရရှိသည့် လယ်ပုဇွန်များကို ပုဇွန်ကြော်ပြုလုပ်ကာ ရောင်းချပါကြောင်း ကျေးရွာအတွင်း ရောင်းချမှုက အနည်းငယ်ရှိပြီး မုံရွာ၊ စစ်ကိုင်းအစရှိသည့် စားသောက်ဆိုင်များက မှာယူခြင်းများလည်းရှိကြောင်း၊ တစ်ရက်လျှင် အကောင်ရေ (၃၀၀၀) မှ (၄၀၀၀)ကျော်ရရှိပြီး ပုဇွန်ကြော်(၃)ကောင်လျှင် ငွေကျပ် (၅၀၀)ကျပ်ရရှိကြောင်း၊ ရာသီစာဖြစ်သည့်အတွက် ဝယ်ယူစားသုံးသူများ များပြားချိန်ဖြစ်ရာ မိသားစုအတွက် ဝင်ငွေရရှိနေချိန်ဖြစ်ကြောင်း ညောင်းရင်းရွာက ဦးဝင်းကိုထံမှ သိရရှိရသည်။

ပုဇွန်လုံးဖမ်းဆီးရာတွင် တစ်ကောင်ချင်းကို ဖမ်းခြင်းမဟုတ်ဘဲ မှောင်ချိန်တွင် မီးအလင်းနှင့် အသံကို ပေး၍ ဖမ်းယူရရှိရကြောင်းလည်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)