မြို့သစ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေ

မြို့သစ် အောက်တိုဘာ ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာဈေးရှိ ဈေးရောင်းချသူ၊ ဈေးဝယ်သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးချမ်းသာနှင့်ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ရေဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မီးဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို မြို့မဈေးရှိ ဈေးရောင်းချသူ၊ ဈေးဝယ်သူပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)