ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ကြံခင်း အောက်တိုဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က  ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ ပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ  နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြင့်မားစေရန်၊ ဗဟုသုတစုံလင်စွာရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်း ပြောကြားပါသည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (အ.မ.က)မြို့မမြောက်ကျောင်းမှ (G-1)နှင့် (G2)ကျောင်းသား/ကျောင်းသူ (၁၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊  တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဆုများ ချီးမြှင့်ပေးအပ်ကြပြီးနောက် ကျောင်းသား/သူများအား စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် စာအုပ်ပြပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊  ပုံပြောပြိုင်ပွဲ၊  ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ကြောင်း   သိရသည်။

မြို့နယ်(ပြန်/ဆက်)