ရေဖြူ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရေဖြူမြို့နယ် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဝိုင်နှင့်သစ်သီးဖျော်ရည်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ရေဖြူမြို့နယ် သမဝါယမအသင်းရုံး၌ ယမန်နေ့က သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားရာ ဒေသခံပြည်သူလူထုများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်၊ မြို့နယ်အတွင်းမှ လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ စီးပွားဖြစ်လုပ်ကိုင်လိုသူများအနေဖြင့် မိမိတို့ဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ ဌာနမှလည်း လိုအပ်သော နည်းပညာများ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်က ဒေသထွက်သစ်သီး သို့မဟုတ် သစ်သီးမှဝိုင်နှင့် ဖျော်ရည်မျိုးစုံ စီးပွားဖြစ်ထုတ်လုပ်တတ်စေရန်၊ ဈေးကွက်ရှာဖွေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ကြောင်း သင်တန်းနှင့်ပတ်သက်၍ ပို့ချမည့်နည်းပညာကို ရှင်းလင်း ပြောကြားကြောင်း သိရသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၇ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား (၂၅)ဦး တက်ရောက်ကာ စပျစ်ဝိုင်၊ ဖရဲသီးဝိုင်နှင့် သစ်သီးဖျော်ရည်များကို လက်တွေ့ထုတ်လုပ်နိုင်သည်အထိ သင်တန်းနည်းပြများမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တာ