တနင်္သာရီ အောက်တိုဘာ ၂၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၌ (HPV) သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် (နေပြည်တော်) ၌ကျင်းပပြုလုပ်စဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်အဖွင့်မိန့်ခွန်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ လမ်းညွှန်မိန့်ခွန်းများ တိုက်ရိုက်ထုတ်လွှင့်နေမှုအား တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး အခန်းမအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် ဌာနဆိုင်ရာ ဦးစီးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းနှင့် ကျန်းမာရေးဌာနဆရာမ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူပြာရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကာကွယ်ဆေးထိုးမည့် အမျိုးသမီးငယ် လေးများနှင့် ၎င်းတို့၏မိဘများက လမ်းညွှန်ချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် မြို့နယ်အဆင့် (HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်း အသိပေးဆွေးနွေးပွဲနှင့် ကာကွယ်ဆေး စတင်ထိုးနှံခြင်းဖွင့်ပွဲကို မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်းမှ ကြီးမှူး၍ မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံသားဖွားဆရာမ ဒေါ်ထိပ်တင်သီက ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းမှ အသက်(၉)နှစ်-(၁၀)နှစ်အရွယ် မိန်းကလေးငယ် (၁၅) ဦးတို့အား (HPV) ကာကွယ်ဆေးထိုးနှံပေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက အားပေးကြည့်ရှုကာ အမှတ်တရလက်ဆောင်များ ပေးအပ်ပေးကြသည်။
တနင်္သာရီမြို့နယ်အတွင်း (၁-၉-၂၀၁၀ မှ ၃၁-၈-၂၀၁၁) အကြားမွေးဖွါးသည့် အသက်(၉)နှစ် -(၁၀) နှစ်အရွယ် မိန်းကလေးငယ်ဦးရေ (၁၃၀၀) ဦးခန့်ရှိကြောင်း၊ တနင်္သာရီမြို့နယ် ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံဝန်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)