သာပေါင်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာကြီး အောင်သင်း ရေးသားသည့် “မရေးရဲကြသူများနှင့်အခြားဆောင်းပါးများ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏ အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍(Book Club)အဖွဲ့ဝင် ဦးကျော်မြင့်က စာရေးဆရာကြီး အောင်သင်း ရေးသားသည့် “မရေးရဲကြသူများနှင့်အခြားဆောင်းပါးများ”စာအုပ်ပါ “တောင်တွေး မြောက်တွေး စုသစ်”အခန်းအား စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ နှစ်ဆယ်ရာစုဟောင်း၍ နှစ်ဆယ့်တစ်ရာစုသို့ ပြောင်းတော့မည်။ ခရစ်နှစ် ၁၉၉၉ မှ ၂ဝဝဝ သို့ ပြောင်းတော့မည်။ ယခု ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီပြည့်ပြီး လိုက်သည်နှင့် တစ်ပြိုင်နက် နှစ်သစ်ကူးတော့မည်။ ထိုနှစ်သစ်ကူးခြင်းသည် ခါတိုင်းနှစ်သစ်ကူးခြင်းနှင့်မတူ ၂၁ ရာစုကို ပြောင်းဝင်လိုက်သော နှစ်သစ်ကူးဖြစ်သည်။ သို့ဖြစ်၍ သက္ကရာဇ်နှစ်ထောင်သို့ မည်သို့ပြောင်းဝင်ကြမည်နည်း စသည်ဖြင့် ပြောကြဆိုကြသည်၊ ရေးကြသားကြသည်။ နှစ်သစ်ကူးပွဲအတွက် အထူးတလည် ပြင်ကြဆင်ကြသည်။ ထူးခြားသော ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြပေတော့မည်။ ကျွန်တော့်စိတ်ထဲမှာတော့ ပြက္ခဒိန်တစ်ခု ပြောင်းသွားခြင်းသာလျှင်ဖြစ်သည်ဟု ခံစားမိသည်။ သို့သော် ပြက္ခဒိန်ရက်စွဲတွေ အရေးကြီးလှသည့် ကွန်ပျူတာစသည်တို့မှာတော့ ‘ဝိုင်တူးကေ’ ပြဿနာ အလွန်ကြီးနေသည်။ ကွန်ပျူတာရက်စွဲကို အမှီပြုသည့် လုပ်ငန်းကြီးများဟူသမျှမှာ စိုးရိမ်ကြောင့်ကြကြီးစွာ ပြင်ဆင်နေကြသည်။ သူတို့ ပြဿနာကို ကျွန်တော်မှန်းဆနားလည်နိုင်ပါသည်။ ကွန်ပျူတာကိစ္စ၊ ကွန်ပျူတာနှင့်ဆက်စပ်နေသော ယန္တရားကိစ္စအဝဝမှာလည်း ကြီးစွာသော ပြဿနာများကို ရင်ဆိုင်နေရမည်ဖြစ်ကြောင်း ကျွန်တော် မှန်းဆနားလည်နိုင်ပါသည်” စသည်ဖြင့် ရေးသားထားမှုများအား မိမိတို့အတွေ့အကြုံများနှင့်ယှဥ်၍ ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ဝါသနာရှင်ပြည်သူများ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း