မော်လိုက် အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ပေါင်းလိုက်သမန်းနှိုးခြင်းနှင့် မြေဩဇာစနစ်တကျ ထည့်သွင်းခြင်း နည်းပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က တောင်သူ ဦးမောင်မောင်၏ စံပြစိုက်ကွက်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိန်ဦးက နည်းပညာပေး ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်စံပယ်မြင့်က စပါးပန်းတိုင်းအထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုများကို အချိန်ကိုက် အချိုးညီ ထည့်သွင်း ခြင်းနည်းစနစ်များအကြောင်းနှင့် ဒုလက်ထောက် ဦးစီးမှူး ဒေါ်အိန္ဒြာမိုးက အယ်လ်နီညို၊ လာနီညာ ရာသီဉတုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် သီးနှံထိခိုက်ဆုံးရှုံးမှု သက်ရောက်နိုင်မှုများနှင့် ကြိုတင်ပြင်ဆင်ထားရန် အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မိုးစပါးစိုက်ခင်းများတွင် ပေါင်းတွန်းကိရိယာများဖြင့် ပေါင်းလိုက်သမန်းနှိုးခြင်း၊ ဓာတ်မြေဩဇာနှင့် နွားချေးသဘာဝမြေဩဇာ (၁:၃) ဖြင့် ရောစပ်၍ ဓာတ်မြေဩဇာစနစ်တကျ ထည့်သွင်းခြင်းတို့ကို လက်တွေ့သရုပ်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြ သည်။
အဆိုပါ နည်းပညာကွင်းဆင်းသရုပ်ပြပွဲကို မော်လိုက်မြို့နယ်၊ မြို့မ(၂)အုပ်စု၊ အောင်သာယာ ရပ်ကွက်၊ ကွင်းအမှတ်(၂၂)၊ ဦးပိုင်အမှတ်(၄) တောင်သူဦးမောင်မောင်၏ မိုးစပါးမျိုးစေ့ထုတ်စံပြကွက်၊ SRI စံပြကွက်၊ တစ်ဧက တင်း (၁၀၀) ထွက်ရရှိရေး စံပြကွက်များတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တက်ရောက်လာသူများအား မြေဩဇာစနစ်တကျ ထည့်သွင်းနည်းနှင့် အယ်လ်နီညို၊ လာနီညာရာသီဉတုနှင့် ပတ်သက်သည့် အသိ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်