ထားဝယ် အောက်တိုဘာ ၁၄
(၄၉)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး လက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် လက်ဝှေ့ကစားနည်းတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်သော အစဉ်အလာရှိသည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြန်မာ့လက်ရွေးစင် အမျိုးသမီး လက်ဝှေ့သမားများ ဖြစ်လာနိုင်မည့် အားကစားသမားများသည် မြို့နယ်များတွင်ရှိသော လက်ဝှေ့လေ့ကျင့်ရေးစခန်းများ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းအသီးသီးတွင် နေ့စဉ်သင်ကြား လေ့ကျင့်လျက် ရှိနေပြီဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်တွင် ကျင်းပသော ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီးအသင်းအနေဖြင့် ရွှေ(၃)ခု အမျိုးသမီးတံခွန်စိုက်ဆုဖလား၊ ၂၀၂၃ ခုနှစ်တွင် ရွှေ(၅)ခု၊ ကြေး(၄)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား ၊ စုပေါင်းတံခွန်စိုက်ဆုဖလားတို့ကို အစဉ်အလာမပျက် (၆)ကြိမ် ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်သော်လည်းကောင်း၊ တိုင်းဒေသကြီး အတွင်းမှာရှိသော ပြည်သူလူထုများ၏ ကိုယ်စားသော်လည်းကောင်း များစွာနှစ်ထောင်းအားရ ချီးကျူးဂုဏ်ပြုပါကြောင်း၊ တိုင်းဒေသကြီး လက်ဝှေ့အဖွဲ့အနေဖြင့် ရရှိပြီးသော အောင်မြင်မှုများကို အနာဂါတ်သို့တိုင်အောင် ထိန်းသိမ်း သယ်ဆောင်သွားနိုင်ရန်အတွက် မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓါတ်များဖြင့် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်၊ “တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်း”၊ “ယှဉ်ပြိုင်လျှင် နိုင်ရမည်” ဆိုတဲ့ ဆောင်ပုဒ်များကို လက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ရရှိလာသော ဆုဖလားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အပ်နှံသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က အုပ်ချုပ်/နည်းပြ/ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၁၈)သိန်း၊ (၅၀)ကီလိုတန်း ပြိုင်ပွဲတွင်(ရွှေ)တံဆိပ်ဆွတ်ခူးရရှိသော မအေးအေးပြည့်အား ဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၅၂)ကီလိုတန်းပြိုင်ပွဲတွင် (ရွှေ)တံဆိပ်ဆွတ်ခူးရရှိသော မအေးသီရီကျော်အား ဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၅၄)ကီလိုတန်းပြိုင်ပွဲတွင် (ရွှေ)တံဆိပ်ဆွတ်ခူး ရရှိသော မထက်ထက်ဝင်းအား ဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၆၀)ကီလိုတန်းပြိုင်ပွဲတွင် (ရွှေ)တံဆိပ်ဆွတ်ခူးရရှိသော မထားထားနွယ်အား ဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၄၆)ကီလိုတန်းပြိုင်ပွဲတွင် (ရွှေ)တံဆိပ်ဆွတ်ခူးရရှိသော မအေးအေးမှုအား ဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၅၇)ကီလိုတန်း ပြိုင်ပွဲတွင် (ကြေး)တံဆိပ်ဆွတ်ခူးရရှိသော မသန္တာဖြိုးအား ဂုဏ်ပြုဆုငွေကျပ် (၁)သိန်း၊ အမျိုးသမီးအကောင်းဆုံး လက်ဝှေ့သမားဆုရရှိသည့် မအေးအေးပြည့်အား ဂုဏ်ပြုဆုငွေကျပ်(၂)သိန်းနှင့် ကြေးတံဆိပ်ဆုရရှိသည့် အမျိုးသား(၃)ဦးအား တစ်ဦးလျှင်(၁)သိန်းစီအား လည်းကောင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့က ဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေ(၂)သိန်းကျပ်အားလည်းကောင်း၊ လက်ဝှေ့ဆပ်ကော်မတီက ဂုဏ်ပြုဆုငွေ(၁၀)သိန်းကျပ်အား လည်းကောင်း၊ အသီးသီးပေးအပ်ချီးမြှင့်ပြီး ဆုရအားကစားသမားများ ကိုယ်စား လက်ဝှေ့အသင်းအဖွဲ့ခေါင်းဆောင် ဦးသန့်ဇော်မိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)