စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) တက်ရောက်

မုံရွာ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ သဘာ၀ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ၂၀၂၃ ခုနှစ်၊ နောက်ပိုင်းကာလများတွင် အယ်နီညိုရာသီဥတုဖြစ်ပေါ်လာနိုင်၍ အယ်နီညိုနှင့်အတူ အပူလှိုင်းများ၏ဒဏ်အား ၂၀၂၄ ခုနှစ်တွင် ပြင်းထန်စွာခံစားရနိုင်ဖွယ်ရှိကြောင်း ရာသီဥတုသိပ္ပံပညာရှင်များမှ သတိပေးထားရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးကို အဓိကအားထားနေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် အယ်နီညိုဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှု နည်းပါးရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူလူထုအား ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပညာပေးဆောင်ရွက်သွားကြရန် လိုအပ်မှာပါကြောင်း၊ ပူပြင်းမှုကြောင့် ရေရှားပါးခြင်းကိစ္စရပ်များ ဖြစ်ပေါ်တတ်သည့်အတွက် ဆည်မြောင်း တာတမံများရှိ ရေများကိုလည်း ဆုံးရှုံးမှုမရှိအောင်ထိန်းသိမ်းပြီး စနစ်တကျသုံးစွဲသွားကြရန်နှင့် ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်သည့် အယ်နိညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များကို ကြိုတင်ခန့်မှန်းသိရှိနိုင်သည့်အတွက် ထိခိုက်မှုနည်းပါးအောင် တာဝန်ရှိသူအားလုံးက လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို အလေးထားဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်သည့်အတွက် အဖွဲ့အသီးသီးအနေဖြင့်လည်း မိမိတို့ဒေသအလိုက် ကြိုတင်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် ဆောင်ရွက်နိုင်ကြရန်နှင့် အယ်နီညိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိတို့၏ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်မှုဖြင့် ထိခိုက်မှုနည်းပါးအောင်အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကြိုတင်ကာကွယ် ပြင်ဆင်ထားရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်နေရာချထားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သောက်သုံးရေနှင့်စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထား ရေးလုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                       

တိုင်းဒေသကြီး (ပြန်/ဆက်)