လက်ပံတန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အ.မ.က (ခွေးသေကုန်း)ကျောင်းနှင့် မူလွန် (တော်လှန်ရေးကွက်သစ်) ကျောင်းများသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက “ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် စာပေဖတ်ရှု လေ့လာပေးကြဖို့ လိုကြောင်း၊ စာပေဖတ်ရှု လေ့လာခြင်းအားဖြင့် ဗဟုသုတများစွာရရှိပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ်ပညာများလည်း ပိုမိုရရှိလာကြမှာဖြစ်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော် လူကောင်းလေးတွေ ဖြစ်လာနိုင်ကြောင်း” စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်မှ လူကုန်ကူးမှုဖြစ်စဉ်များနှင့် လူကုန်ကူးမှုမခံရစေရန် ဆောင်ရန်ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြော  ဆောင်ရွက်ခဲ့သည်။

ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းမှ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြ၍ စာအုပ်စာစောင်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)