ကနီ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ည ၇ နာရီခန့်မှစတင်၍ မိုးများသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် လမ်းတံတားပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမိုးရွာသွန်းမှုကြောင့် ကနီမြို့ပေါ် အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက် ချောင်းရိုးဘေးရှိ နေအိမ်များချောင်းရေတိုက်စားခြင်းနှင့် အနိမ့်ပိုင်းဒေသများရှိ လူးနေအိမ်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားပြီး လူနေအိမ်အချို့ပျက်စီးဆုံးရုံးမှုများနှင့် မြို့အဝင်လမ်းမ ရေတိုက်စားပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ အမှတ်(၁)ရပ်ကွက်တွင် လူနေအိမ် (၃)လုံး မျောပါပျက်စီး၊ လူနေအိမ် (၄)လုံးပြိုကျ၊ မီးဖိုဆောင်(၁)လုံး၊ သီတာဦးသစ်သားတံတား (၁)စင်းမျောပါပျက်ဆီး၊ သီတာဦးရေကျော်ကွန်ကရစ်လမ်း (၁)ခုပျက်စီး၊ ဝက်တစ်ကောင်မျောပါပျောက်ဆုံး၊ လူတစ်ဦးခြေထောက်ကျိုးထိခိုက်ဒဏ်ရာရရှိပြီး အမှတ်(၃)ရပ်ကွက်တွင် လူနေအိမ်(၁)လုံး၊ မီတာပေါက်(၁)လုံးမျောပါပျက်စီးကာ မြို့ဟောင်းလမ်းတံတား(၁)စင်းနှင့် မြို့ဝင်မုဒ်ဦးအနီး ကတ္တရာလမ်း ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးကြီးရေလျှံပြီး ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရုံးမှုများဖြစ်ပေါ်ခဲ့ပြီး ပြိုကျနေသော လူနေအိမ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ နေအိမ်များရွေ့ပြောင်းများ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးသန်းဌေးအောင်