အုတ်တွင်း အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မြို့နယ်ယူးရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များအား တောင်သူများလက်ဝယ်သို့ ဓာတ်မြေသြဇာများ စျေးနှုန်းသက်သာ မှန်ကန်စွာရရှိစေရေးနှင့် အရည်အသွေးမှန်ကန်ရေးအတွက် ခေါ်ယူညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီက မြို့နယ်အတွင်း စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များမှ တောင်သူလက်ဝယ်သို့အရောက် ဓာတ်မြေသြဇာစျေးနှုန်းသက်သာမှန်ကန်စွာရရှိစေရေးနှင့် အရည်အသွေးမှန်ကန်စေရေးအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ဆန်းဦးက စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များမှ ဓာတ်မြေသြဇာဖြန့်ဖြူးရေး၊ သွင်းအားစုလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အနေဖြင့် စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များဖြစ်သော ပိုးသတ်ဆေးအရောင်းဆိုင် (၃၂)ဆိုင်၊ ဓာတ်မြေသြဇာအရောင်းဆိုင် (၄၆) ဆိုင်၊ စုစုပေါင်းအရောင်းဆိုင်(၇၈)ဆိုင်ရှိပါကြောင်း မြို့နယ်ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)