ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

ဒေးဒရဲ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ)အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ယခုလွှဲပြောင်းပေးအပ်မည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဘိုးဘွားများလက်ဝယ်အရောက် အမြန်ဆုံး လိုက်လံထောက်ပံ့ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နီနီမြင့်က မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေများပေးအပ်ရာတွင် အကျိုးခံစားခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သွားကြရန်နှင့် မြို့နယ်လူမှုဝန်ထမ်းရုံးသို့ အချိန်မီအကြောင်းကြားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီမြင့်၊ လူမှုရေးအဖွဲ့အစည်းများက တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ် ကျေးရွာအုပ်စုများအတွင်းရှိ အဘိုး(၂၈၉)ဦး၊ အဘွား(၄၉ဝ)ဦး၊ စုစုပေါင်း(၇၇၉)ဦးအတွက်  လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် သုံးလစာ (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ(၂၃၃၇၀၀၀၀)ကျပ်အား ကျေးရွာအုပ်စုတာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း