တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၄/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် အောက်တိုဘာ ၁၄

ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၄/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းပြည်၏အနာဂတ်သည် လူငယ်များလက်ထဲတွင်ရှိသကဲ့သို့ လူငယ်များ၏အနာဂတ်သည် ဆရာ၊ ဆရာမများ လက်ဝယ်ရှိသောကြောင့် ဆရာများ၏ စွမ်းရည်သည် အလွန်ပဓာနကျကြောင်း၊ ယနေ့မျက်မှောက်ခေတ်ကာလသည် ပညာခေတ်ဖြစ်သည်နှင့်အညီ ဆရာများအခန်းကဏ္ဍသည်လည်း အခရာကျကြောင်း၊ နိုင်ငံ့အနာဂတ်ရင်သွေးငယ်များ၏ စာပေပညာတတ်မြောက်ရေး၊ ပညာရည်မြင့်မားရေးအတွက် အခက်အခဲ၊ အကျပ်အတည်းများကြားမှ ဆရာဟူသော မွန်မြတ်လှသော ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သော စိတ်ထားများဖြင့် သင်ကြားရေးတာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဆရာသည် စာကိုလည်းသင် လူကိုလည်းပြင်၊ ဗလငါးတန်ဖွံ့ဖြိုးအောင်လည်း လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ရမှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ပညာရေးကောင်းမွန်လာခြင်းမဟုတ်ကြောင်း၊ ပညာရေးစနစ်၊ ပညာရေးကဏ္ဍမြင့်မားကောင်းမွန်လာခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ကြောင်း၊ ယခုအခါ ပညာရေးပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျက်ရှိရာ ပြောင်းလဲလာသော ပညာရေးစနစ်များ၊ သင်ပြနည်း ချည်းကပ်နည်းများနှင့် လိုက်လျောညီထွေရှိစေရန် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့၏တာဝန်ဝတ္တရားပေါ်တွင် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာအပြင် မေတ္တာ၊ ကရုဏာ၊ အကြင်နာကြီးမားစွာဖြင့် ခေတ်မီဆန်းသစ်သော သင်ကြားနည်းများဖြင့် သင်ကြားပေးမည်ဆိုပါက အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက  သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့တွင် ထူးချွန်ဆုချီးမြှင့်ခံရသော ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုကာ သင်တန်းသား/သူများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ သင်တန်းသူများက “ပြည်ထောင်စုရဲ့ထာဝရအလှ၊ ပြည်ထောင်စုအင်အား၊ ပန်းကလေးများရဲ့ဥယျာဉ်မှူး” သီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီး နှီးလိုက်လံနူတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)