ပွင့်ဖြူမြို့နယ်၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး တောင်သူပညာပေး မိုးစပါးစံပြကွက်များ စိုက်ပျိုးဆောင်ရွက်ထားရှိ

ပွင့်ဖြူ အောက်တိုဘာ  ၁၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင်  ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ အထွက်နှုန်းကောင်းသော စပါးမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် သီးနှံဝင်ငွေ ပိုမိုရရှိစေနိုင်မည့် စိုက်ပျိုးရေးနည်းပညာများကို သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ တောင်သူပညာပေး မိုးစပါးစံပြကွက်များ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူပညာပေး မိုးစပါးစံပြကွက် စိုက်ပျိုးခြင်းကို ကျေးရွာများမှ တောင်သူကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး မိုးစပါးအထွက်တိုးစနစ်စံပြကွက် ၄၈ ဧက ၊ မိုးစပါးမျိုးသန့်မျိုးပွားစံပြကွက် ဧက ၃၅ ၊ စိုက်စနစ်ယှဉ်ပြိုင် စမ်းသပ်ကွက် ၁ ဧက ၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ၁ ဧက ၊ စုစုပေါင်း တောင်သူပညာပေး မိုးစပါးစံပြကွက် ၈၅ ဧက အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။

" ယခု ၂၀၂၃ -၂၀၂၄ ခုနှစ် ၊ မိုးစပါးစိုက်ပျိုးရာသီမှာ မြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူတွေ မိုးစပါးသီးနှံ အထွက်နှုန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး တောင်သူပညာပေး မိုးစပါးစံပြကွက်များကို စိုက်ပျိုးဆောင်ရွက်ထားပါတယ်။ အဓိကတော့ ဒေသခံတောင်သူတစ်ဦးချင်းစီကို မိုးစပါးသီးနှံစိုက်ပျိုးရာမှာ စိုက်နည်းစနစ်မှန်ကန်ဖို့ ၊ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေဖို့ ၊ သီးနှံ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းနည်းစနစ်များ စနစ်တကျ ဆောင်ရွက်တတ်စေဖို့နဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ပြီး တစ်နှစ်ထက်တစ်နှစ် အရည်အသွေးကောင်းတဲ့ စပါးမျိုးကောင်းမျိုးသန့်များ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့  တောင်သူပညာပေး စံပြကွက်စိုက်ခင်းများကို စိုက်ပျိုးဆောင်ရွက်ရခြင်းဖြစ်ပါတယ်။  ယခုနှစ် မိုးစပါးရာသီမှာ ကျွန်မတို့ ပွင့်ဖြူမြို့နယ်အနေနဲ့ မိုးစပါးသီးနှံဧက ၆၉၉၄၃ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၆၉၉၄၄ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပါတယ်။  ကျွန်မတို့ဒေသမှာ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း ၊ ပခန်းရွှေဝါ ၊ ရတနာတိုး ၊ ဆင်းသုခ ၊ ပေါ်ဆန်းရင် ၊ သီးထပ်ရင် ၊ ချမ်းမြေမေ ၊ မနောသုခ စပါးမျိုးများကို စိုက်ပျိုးကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။  

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိသည့်အတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အမှီပြု၍ နွေ ၊ မိုး ၊ ဆောင်းတစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ အဓိက စိုက်ပျိုးသည့်သီးနှံများမှာ စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပဲတီစိမ်း ၊ ပဲကြီး ၊ ပဲစင်းငုံ ၊ ပဲနောက် ၊ ထောပတ်ပဲ ၊ ပဲလွမ်း ၊ ဖူးစားပြောင်း ၊ နှံစားပြောင်းသီးနှံအပြင် အခြား စားဖိုဆောင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံ တို့ကို စိုက်ပျိုးကြကြောင်း သိရသည်။ အချို့ကျေးလက်နေ တောင်သူများမှာ သီးနှံဝင်ငွေတိုးပွားစေရန် နှစ်ရှည်သီးနှံများဖြစ်သည့် လျှော်ဖြူ ၊ မန်ဂျန်ရှား ၊ သနပ်ခါး ၊ သရက် ၊ ပိန္နဲ စသည့်သီးနှံများကို တွဲဖက်စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )