ငဖဲမြို့နယ်တွင် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ် ၂ ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ ကျင်းပ

ငဖဲ  အောက်တိုဘာ ၁၃

ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် အမှတ် (၉၀၅) အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်းဝင်ရောက်လာသည့် လူငယ် ၂ ဦးနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် အမှတ်(၉၀၅)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်းအလင်း ဝင်ရောက်လာသည့် လူငယ်များအား ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် လွတ်လပ်စွာနေထိုင်သွားလာလုပ်ကိုင်ဆောင်ရွက်ကြရန် ဆုံးမဩဝါဒ စကားပြောကြားပြီး ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အမှားအမှန်ခွဲခြားပြီးအလင်းဝင်ရောက်လာသူ လူငယ် ၂ ဦးအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မိမိတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ်များကို လေ့လာလိုက်စားရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းဇော်က အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် လူငယ်များအနေဖြင့် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အေးချမ်းစွာနေထိုင်ပြီး လုပ်ငန်းများကြိုးစားဆောင်ရွက်ကြရန် ဆုံးမဩဝါဒစကားပြောကြားပြီး ပြစ်မှုကျူးလွန်မှု မရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက်လာသည့် လူငယ်(၂)ဦးအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ တာဝန်ရှိသူများရှေ့မှောက်တွင် လက်မှတ်ရေးထိုးလွှဲပြောင်းပေးအပ်ခြင်းကို ဆောင်ရွက်ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ PDF သင်တန်းဆင်းအလင်းဝင်ရောက်လာသူ လူငယ် ၂ ဦးအား တစ်ဦးချင်းအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်းစီကို ပဒါန်းတပ်နယ်မှူးဗိုလ်မှူးချုပ်မျိုးသန့်ကလည်းကောင်း၊ ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးကျော်ရွှေက တစ်ဦးလျှင် ငွေကျပ် ငါးသောင်းစီကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ လူငယ်များက လက်ခံရယူခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)