ဒေးဒရဲမြို့၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ဒေးဒရဲ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူ ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ   ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများနှင့်  မွေးမြူရေးလုပ်ငန်းတွင် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါက်တာမင်းမြတ်ကိုကိုက ပြည်တွင်းအသားစားသုံးမှုတွင် အစားအစာ ဘေးကင်းလုံခြုံပြီး  အာဟာရပြည့်ဝသော သားငါး ရိက္ခာဖူလုံစေရန်၊ ပြည်တွင်း/ပြည်ပဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော မွေးမြူ ထုတ်လုပ်မှု အစီအမံများ  ချမှတ်ဆောင်ရွက်နိုင်ရန်၊ မွေးမြူရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးလာစေရန် လုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်းနှင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း ဆိုင်ရာ သင်တန်းကို ပို့ချပေးခဲ့ကြောင်း သိရသည်။   

အဆိုပါသင်တန်းတွင် ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ စာရင်းများကောက်ယူရာတွင် အသုံးပြုသည့် မေးခွန်းလွှာနှင့် (Commcare Application) အသုံးပြုနည်း၊ မြေပြင်ကွင်းဆင်းရာတွင် ကြုံတွေ့နိုင်မည့် အခက်အခဲများ၊ တိရစ္ဆာန်ကောင်ရေ စာရင်း ကိန်းဂဏန်းများ မှန်ကန်မြန်ဆန် ပြည့်စုံစွာ ဖော်ပြနိုင်ရေး အကြောင်းအရာများ၊ အယ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်နိုင်ရေးစသည့် အကြောင်းအရာများကို အသိပညာပေး သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း