ရှေးမြန်မာဘုရင်များ လက်ထက်တွင် စက်မှုလုပ်ငန်းများ မရှိခဲ့သော်လည်း အိမ်တွင်းလက်မှု လုပ်ငန်းများ ဖွံ့ဖြိုး၍ နိုင်ငံတစ်ဝန်းလုံး အနှံ့အပြားရှိခဲ့သည်။ အိမ်တိုင်းအိမ်တိုင်း၌ ရက်ကန်း စင်များကို တွေ့ရှိရပြီး ရွာတိုင်းရွာတိုင်း၌လည်း တောင်းရက်ခြင်း၊ ပလုံးရက်ခြင်း၊ ဖျာရက် ခြင်း၊ အိုးဖုတ်ခြင်းနှင့် ပန်းထိမ်၊ ပန်းဘဲလုပ်ငန်းများ တွေ့ရှိရသည်။ ကနဦးအစတွင် တစ်ပိုင် တစ်နိုင် မိသားစုလုပ်ငန်းကလေးများဖြင့် အသက်မွေးမှု လုက်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်ကြ သော်လည်း နောက်ပိုင်းတွင် တိုးချဲ့၍ စီးပွားဖြစ် လုပ်ကိုင်လာကြသည်။
တစ်စတစ်စဖြင့် တိုးချဲ့လုပ်ကိုင်လာကြသော လုပ်ငန်းများမှာ ယွန်းထည်လုပ်ငန်း၊ ထန်းလျက်၊ ကြံသကာနှင့် ဆားချက်ခြင်း လုပ်ငန်းများ၊ ငပိ၊ ငခြောက်၊ ငံပြာရည်၊ ဂျက် လုပ်ငန်းအပြင် အဝတ်အထည် အမျိုးမျိုး ရက်လုပ်ခြင်းလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ကြ သော်လည်း ဗြိတိသျှခေတ်တွင် အိမ်တွင်းလက်မှု လုပ်ငန်းများ ဆုတ်ယုတ်ကွယ်ပျောက်ခဲ့ သေးသည်။ သို့သော် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အိမ်တွင်း လက်မှုပညာများ ထွန်းကားတိုးတက်စေရန် အစိုးရနှင့်လူထု တညီတညာတည်း အားထုတ် ဆောင်ရွက်ခဲ့ကြသည်။
ထိုအိမ်တွင်း လက်မှုလုပ်ငန်းများသည် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးကို အမှီပြုနေထိုင်သော တောင်သူလယ်သမားဟူသ၍ လက်မှုလုပ်ငန်း တခုခုဖြင့် စိုက်ပျိုးရေးအတွက် ဝင်ငွေဖြည့် တင်း ပေးရသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက် တောရွာများတွင် နေထိုင်ပြီး စိုက်ပျိုးရေးကို အမှီပြု နေရသဖြင့် အိမ်တွင်း လက်မှုလုပ်ငန်း များရှိမှသာ ထိုသူတို့၏ နေရေးထိုင်ရေးနှင့် လူနေမှုအဆင့် မြှင့်တင်နိုင်မည်ဖြစ်သည်။ ထိုလက်မှုလုပ်ငန်းများသည် စက်ရုံကြီးများ၊ အလုပ်ရုံကြီးများကဲ့သို့ ရင်းနှီးငွေ များစွာ မလိုချေ။ သင့်တင့်သော ငွေကြေးနှင့်ပင် လည်ပတ်အောင် ဆောင်ရွက်နိုင်သည်။ ထိုကြောင့် ရင်းနှီးငွေ ရှားပါးသော မြန်မာနိုင်ငံအတွက် ထိုလုပ်ငန်းကလေးများ ထွန်းကားမှသာ ပြည်သူများ အဆင်ပြေကြပေမည်။
ယခုအခါ လက်မှုလုပ်ငန်းများသာမက မွေးမြူရေးလုပ်ငန်းများဖြစ်သော ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ဘဲနှင့် ငါးမွေးမြူခြင်းများအပြင် အုတ်လုပ်ငန်း၊ အိုးလုပ်ငန်း၊ မီးသွေးဖုတ်၊ ထုံးဖုတ်၊ ဆားချက်၊ ထီးလုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ သားရေ လုပ်ငန်း၊ ကြိမ်လုပ်ငန်း၊ အိုးခွက်လုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ ကော်ဖီမှုန့်၊ ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ လုပ်ငန်းများ လုပ်ကိုင်ကြပြီး အချို့ကို ခေတ်မှီစက်ကရိယာများ အသုံးပြုလျက် လုပ်ကိုင် လာကြသည်ကို တွေ့ရလေသည်။ သို့သော် ကျေးလက်တောရွာများတွင် ရက်ကန်းရက် လုပ်ခြင်း၊ တောင်းပလုံးရက်လုပ်ခြင်း၊ ဖျာအမျိုးမျိုးရက်လုပ်ခြင်းနှင့် အိုး လုပ်ငန်းများကို တော့ မိရိုး ဖလာရိုးရာ လက်မှု လုပ်ငန်းများအဖြစ် လုပ်ကိုင်နေကြသည်ကို ယနေ့တိုင် တွေ့မြင်နေ ကြသေးသည်။
ဇေယျာထက် (မင်းဘူး)