ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေပြည့်အမှတ်ထက် ၁ ဒသမ ၁၀ ပေ ရေကျော်ကျ

ပွင့်ဖြူ      အောက်တိုဘာ     ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်း ခဲ့သည့်အတွက် တမံအတွင်း ရေဝင် ရောက်မှုရှိခဲ့ပြီး ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာ ချက်အရ ယင်းတမံရေပြည့်အမှတ် ၃၄၀ ပေ ထက် ရေပိုလွှဲမှ ၁ ဒသမ ၁၀ ပေ ရေကျော်ကျလျက်ရှိ နေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင်ထံက သိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ သည် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ မှီခိုအားထားရသော အဓိက တမံတစ်ခုဖြစ်သည်။ ယမန်နေ့က မိုးရေချိန်လက်မ ၁ ဒသမ ၆၂ လက်မခန့် မိုးရွာသွန်းမှုရှိခဲ့၍ တမံအတွင်း ရေဝင်ရောက်မှု တိုးလာခဲ့ရာ သတ်မှတ်ထားသော တမံရေပြည့်အမှတ် ၃၄၀ ပေ ထက် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး အဆိုပါ ရေကျော်ကျမှုမှာ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာမရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျနေမှုနှင့် ပက်သက်ပြီး နေ့စဉ်ပြည်သူများကို အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိကြောင်း လည်း သိရသည်။

ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ကြီးအုံကြီးဝတမံ၏ သတ်မှတ်ထားသော ရေပြည့်အမှတ် ဖြစ်သည့် ၃၄၀ ပေ ထက် ၁ ဒသမ ၁၀ ပေ ( ၁၃ ဒသမ ၂၀ လက်မ) ခန့် ရေကျော်ကျလျက်ရှိနေပြီး အဆိုပါ ရေကျော်ကျနေမှုမှာ ဒေသခံ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်းနှင့် ရေပိုလွှဲမှ ရေကျော်ကျနေမှုအခြေအနေအား ပြည်သူများသိရှိနိုင်ရန် အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင်က ပြောသည်။

ရဲဝင်းနိုင် ( ညောင်ဦး )