ကသာမြို့၌ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ကသာ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် သီးနှံ အခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကသာခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ယခုဖွင့်လှစ်သည့် သင်တန်းသည် မိမိဒေသတွင် ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုပြီး စားသောက်ကုန်များ၊ လူ့အသုံး အဆောင်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်ဆောင်ရွက်နိုင်ရေးနှင့် တစ်ပိုင်တစ်နိုင်မိသားစု စီးပွားရေးမှ တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ဒေသတစ်ခုထွက်ကုန်တစ်မျိုးဖြစ်စေရန်၊ ကြိုးစားသင်ယူကြရန် တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများကို တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အတတ်ပညာဆက်လက် မသင်ယူနိုင်သည့် လူငယ်လူရွယ်များကို အဓိကထား၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဒေသထုတ်ကုန် တစ်ခု ပေါ်ပေါက်စေရေး၊  အသေးစားစက်မှုလက်မှု လုပ်ငန်းငယ်များ ပေါ်ထွန်းလာစေရန်နှင့် မိသားစုအပိုဝင်ငွေတိုးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါသင်တန်းကို (၁၃-၁၀-၂၀၂၃)ရက် နေ့မှ (၁၉-၁၀-၂၀၂၃)ထိ သင်တန်းသား/ သင်တန်းသူ (၂၀)ဦးဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးရွာပေါင်း (၁၅၅)ရွာတွင် မိသားစုဝင်ငွေတိုးစီမံကိန်းလုပ်ငန်း(၇)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဒေသတစ်ခုတွင် လုပ်ငန်းရှင်(၅)ဦး ပေါ်ထွက်လာရေးနှင့် လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းဖိုးနှင့် ညီမျှသော ဖွံ့ဖြိုးရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရ သည်။

ကျော်စွာထွန်း(ကသာ)