လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၌ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် စာပေနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

လက်ပံတန်း အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၏ ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် စာပေနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းသည် ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုဟူသည့် ဖွံ့ဖြိုးမှုကြီးငါးရပ်ကို ဆောင်ရွက်လျက်ရှိပြီး မိဘများအနေဖြင့် မူလတန်းကြိုကျောင်းမှ ဆရာ/ဆရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကလေးငယ်များ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုကဲ့သို့ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုပေးရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း တာဝန်ခံဆရာမ ဒေါ်ထက်ကေခိုင်က မူလတန်းကြိုကျောင်း၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)