အထက်မင်းလှ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက်ပိုင်းက မင်းလှမြို့နယ်သို့ ရောက်ရှိပြီး တောင်ဦးကျေးရွာတွင် ရွှေတောင်-၈ချည်မျှင်ရှည်ဝါစိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းလှမြို့ တောင်ဦးကျေးရွာ ကွင်းအမှတ်(၃၆)အေ၊ ဦးပိုင်အမှတ်(၁၈) တောင်သူ ဦးမြအောင်၏ ရွှေတောင်-၈ ချည်မျှင်ရှည်ဝါစိုက်ခင်း (၅)ဧကအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေးတောင်သူများနှင့် တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ဒေသအတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (One Village One Product) အဝတ်အထည်များနှင့် ချည်ထည်များ ခင်းကျင်းပြသထားမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ္စနို့ကျေးရွာရှိ ၃၃/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေစစ္စနို့ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး၊ အဆိုပါဓာတ်အားခွဲရုံရှင်းလင်းဆောင်တွင် ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက စစ္စနို့ဓာတ်အားပေးခွဲရုံ တည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ ၃၃/၁၁ကေဗွီ(၅)အမ်ဗွီအေ စစ္စနို့ဓာတ်အားခွဲရုံတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ၃၃/၁၁ကေဗွီ၊ (၅)အမ်ဗွီအေစစ္စနို့ဓာတ်အားခွဲရုံတည်ဆောက်ပြီးပါက ကျေးရွာ(၆)ရွာမှ အိမ်ထောင်စု(၂၀၂၉)စုမှာ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)