ကရင်ပြည်နယ်ရှိ အသက် ၉ နှစ်မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုး/တိုက်အစီအစဉ်ဖြင့် (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးသွားမည်

ဘားအံ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်အတွင်း ဝေးလံခက်ခဲသည့်နေရာဒေသများပါမကျန် မြို့၊ ရွာများအားလုံးရှိ အသက် ၉ နှစ်မှ ၁၀ နှစ်ထိ မျှော်မှန်းအမျိုးသမီးငယ်ဦးရေ တစ်သောင်းငါးထောင်ကျော်ကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်ဖြင့် (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ သိရသည်။

သာအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အဖြစ်အများဆုံး၊ အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယမြောက်အဖြစ်အများဆုံး၊  မြန်မာနိုင်ငံတွင် အဖြစ် အများဆုံးနှင့် သေနှုန်းမြင့်မားသည့် ကင်ဆာရောဂါထဲတွင် ပါဝင်ပြီး အသက်(၁၅)နှစ်မှ (၄၉) နှစ်အတွင်းရှိ အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာအမျိုးအစားတစ်ခုဖြစ်ကာ  ယမန်နေ့ မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပုံမှန်ကာကွယ်ဆေး ထိုး/တိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ကရင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) အကြံပေးတာဝန်ခံ ဒေါက်တာမာတာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှု့အားပေး၍ မိန်းကလေးငယ်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

“ဒီ ၁၃ ခုမြောက် ကာကွယ်ဆေးထိုးတဲ့နေရာမှာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဒေသတွေမှာလည်း တစ်ချိန်တည်းတစ်ပြိုင်တည်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အတွက် အများကြီးဝမ်းသာပါတယ်၊ အဓိကတော့ ပြည်သူလူထုကျန်းမာရေးဘဲ၊ ၉ နှစ် ၁၀ နှစ် သမီးလေးတွေဟာ နောက်အနှစ် ၄၀ ကျလို့ရှိရင် ဒီသားအိမ်ခေါင်းကင်ဆာ မဖြစ်ဖို့ကအဓိကပါ” ဟု ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) အကြံပေးတာဝန်ခံ ဒေါက်တာမာတာ က ပြောသည်။

(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးသည် အိတ်ချ်ပီဗီဗိုင်းရပ်စ်ပိုး အမျိုးအစား (၄) မျိုးကို ကာကွယ်ပေးနိုင်သော လေးမျိုးစပ် ကာကွယ်ဆေးဖြစ်သည့်အပြင် ထိရောက်၍ ဘေးထွက်ဆိုးကျိုးနည်းသည့် ကာကွယ်ဆေးဖြစ်ကာ ယနေ့မှစ၍ ကရင်ပြည်နယ်အတွင်း ပထမကြိမ် စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ၁၂ လပြည့်လျှင် ဒုတိယအကြိမ်ထပ်မံ ထိုးနှံရမည် ဖြစ်ကာ ကာကွယ်ဆေးတစ်ကြိမ်စာအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဒေါ်လာ ကုန်ကျမည်ဖြစ်ပြီး ၂ ကြိမ် ထိုးနှံရမည်ဖြစ်သည့်အတွက် အမျိုးသမီးငယ်တစ်ဦးလျှင် ၉ ဒေါ်လာ ကုန်ကျမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရနှင့် GAVI တို့မှ အခမဲ့ ထောက်ပံ့ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)