ပွင့်ဖြူ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတ တိုးပွားပြီး ဘက်စုံထူးချွန် ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာနှင့် ကန်ဆွယ်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲများသို့ သွားရောက်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ကျောင်းသား ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးပြီး ဘက်စုံ ထူးချွန်ထက်မြက်သော လူတော် လူကောင်းများ ဖြစ်လာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း၊ ပညာသင်ယူချိန်အရွယ်၌ ဘဝရည်မှန်းချက်များ ချမှတ်၍ ကြိုးစား သင်ယူကြစေ လိုကြောင်းနှင့် ကျောင်းစည်းကမ်းများကို တိကျစွာ လိုက်နာပြီး လူငယ်များနှင့် သက်ဆိုင်မှုမရှိသည့် အပြုအမူများကို ရှောင်ကြဉ်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စောမြင့်ဝင်း က မူးယစ်ဆေးဝါး အန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ပြစ်မှုကျူးလွန်ပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များကို ဆွေးနွေးဟောပြော၍ ပွင့်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်မြင့်ဌေးက မှုခင်းဖြစ်ပွားမှု လျော့နည်း ကျဆင်းရေးဆိုင်ရာများနှင့် ခိုက်ရန်ဖြစ်ပွားပါက အရေးယူခံရမည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းပဥဒေများကို အသိပညာပေး ဆွေးနွေး ဟောပြောသည်။
ထို့နောက် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးညီညီအောင်က ကျောင်းသား ကျောင်းသူများ စိတ်ဓာတ်/စည်းကမ်း ကြံ့ခိုင်ကောင်းမွန်ရေး လိုက်နာရမည့် ကျင့်ဝတ်တာဝန်များ ၊ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ဖြစ်စေရန် မိဘ/ဆရာများ၏ ပဲ့ပြင်ဆုံးမမှုကို လိုက်နာ၍ ဘက်စုံထူးချွန် ထက်မြက်သော ကျောင်းသား ကျောင်းသူများ ဖြစ်အောင် ကြိုးစားသင်ယူကြရန်တို့ကို ဆွေးနွေး ဟောပြောခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ဆွေးနွေးဟောပြောသည့် အကြောင်းအရာများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )