မြို့သစ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြေပြိုခြင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မြို့သစ်  အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြေပြိုခြင်းအသိ​ပညာပေးလက်ကမ်းစာစောင်များကို ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်က မြို့သစ်မြို့မစျေးအတွင်း လူစည်ကားရာစျေးဆိုင်ခန်းများ၌ ဖြန့်ဝေခဲ့သည်။

လက်ကမ်းစာစောင်တွင် “မိမိပတ်ဝန်းကျင်ရှိ ဆင်ခြေလျှောများ၊ ချောင်းစပ်ရေစပ်များတွင် မြေဆီ လွှာထိန်းသိမ်းရန် “သစ်ပင်စိုက်ပါ၊ မြေထိန်းနံရံများတည်ဆောက်ထိန်းသိမ်းမှုများတွင် မိမိတတ်စွမ်းသမျှပါဝင်ပါ၊ ရွှေ့ပြောင်းတောင်ယာစနစ်အစား လှေကားထစ်စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးပါ၊ သစ်တောထိန်းသိမ်းခြင်းဘုပ်ငန်းများတွင် အစိုးရ ရပ်ရွာလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါ၊ တောင်ကုန်းတောင်စောင်းများတွင် နေထိုင်သူများအနေဖြင့် မိမိအိမ်ခြံဝန်းကျင်ရှိ မြေပြိုမှုဘေးအန္တရာယ်ဖြစ်နိုင်ခြေနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးပါ၊ မြေပြိုမှုတောင်ပြိုမှုဖြစ်ပွားလေ့ရှိသော နေရာများကို ကြိုတင်လေ့လာထားပါ၊ မြေပြိုမှုဘေးအန္တရာယ် သတိပေးဆိုင်းဘုတ်များ၊ အမှတ်အသားများကို သတိပြုပါ၊ မြေပြိုနိုင်သောနေရာများ(မတ်စောက်သော တောင်စောင်းများ၊ မြေပျော့သောနေရာများ၊ ရေဝပ်သောနေရာများ) တောင်စွယ်ရေစီးရာလမ်းကြောင်းမိုးရေတိုက်စားသော လျှိုအနီးတွင် အဆောက်အအုံဆောက်လုပ်ခြင်းမပြုရ” မြေပြိုမည့် ရှေ့ပြေးလက္ခဏာများဖြစ်သည့် (မိမိတို့နေအိမ်တံခါးများ ဖွင့်ပိတ်ရာတွင် ကျပ်လာခြင်း၊ အိမ်နံရံများအပ်လာခြင်း၊ ခြံစည်းရိုးများနေရာရွေ့လာခြင်း၊ သစ်ပင်များနေရာရွေ့ခြင်းစောင်းလာခြင်း၊ မြေများအပ်ကွဲခြင်း)စသည်တို့ကို သတိပြုမိပါက အမြန်ရွှေ့ပြောင်းရန်လိုအပ်ပါကြောင်းနှင့် အခြားအသိပညာပေးအချက်များ စသည့် အချက်များပါရှိသည်။

အဆိုပါ လက်ကမ်းစာစောင်များကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက မြို့မစျေးကြီးအတွင်း စျေးရောင်း/စျေးဝယ်သူ ဒေသခံပြည်သူများအား (အခမဲ့) ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)