မြန်အောင်မြို့၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ် ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြန်အောင် အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်း မြို့နယ် အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို၊  မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ‌အောင်ဝင်း ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး Power Point ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပေးပို့သည့် HPV ရောဂါပိုးကြောင့် ဖြစ်တတ်သော သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သည့်မိန့်ခွန်း Video အားပြသပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍  မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဝင်းက ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေများ၊ အိတ်ချ်ပီဗီ (Human Papillomavirus) နှင့် သားအိမ်ခေါင်းကင်ဆာရောဂါများ ဆက်နွယ်မှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါ လက္ခဏာများ၊ နောက်ဆက်တွဲ ပြဿနာများ၊ အိတ်ချ်ပီဗီ ကာကွယ်ဆေး အကြောင်းများ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်း၊ ကုသခြင်းနှင့် အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များ၊ ကာကွယ် ဆေးအပြည့်အဝ ရရှိစေရန် (၂) ကြိမ် ထိုးနှံပေးဖို့လိုအပ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို မြန်အောင်မြို့နယ်အတွင်း အသက်(၉)နှစ်မှ (၁၀) နှစ်အထိ မိန်းကလေး (၁၈၀၁) ဦးအား သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် အောက်တိုဘာလ ၂၀ ရက်နေ့မှစ၍ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)