အထောင် မူလတန်းကြိုကျောင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

ကျုံပျော် အောက်တိုဘာ ၁၃

ကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ်၍ အထောင်မြို့၊ မူလတန်းကြိုကျောင်း၏ ကျောင်းမိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေး၊ ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ‌ထောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း‌ဆွေးနွေး ပြောကြားသည်။ ထို့နောက် မူကြိုကလေးငယ်‌လေးများက ဉာဏ စွမ်းရည်ပြိုင်ပွဲများအား အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ တက်ရောက်လာသူများက အားပေးကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက ပါ၀င်ယှဥ်ပြိုင်ခဲ့ကြသည့် မူကြိုကလေးငယ်များအား ဆုတံဆိပ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ အထောင်မြို့အုပ်ချုပ်ရေးမှူး၊ လူမူဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထောင်မူကြို ကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများ၊ ကျောင်းသားမိဘများ၊ မူကြိုကလေးငယ်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)