လှိုင်းဘွဲ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က လှိုင်းဘွဲမြို့ အမှတ်၊(၅) အခြေခံပညာ မူလတန်း (လွန်)ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ မြှင့်မားတိုးတက်လာစေရန် ကျောင်းစာအပြင် ဗဟုသုတဖြစ်ဖွယ်စာအုပ်စာစောင်များကို အားလပ်ချိန်များတွင် လေ့လာဖတ်ရှုကြရန်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက် သော အသိပညာဗဟုသုတများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော အသိပညာဗဟု သုတများနှင့် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဖိုးခွါး(ပြန်/ဆက်)