မုံရွာမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

မုံရွာ အောက်တိုဘာ ၁၃

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀ တွင် ကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယမန်နေ့နံနက် ၈ နာရီ အချိန်က စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကောက်ကွက် (၁၀ ) ကွက်တွင် တစ်ကွက်လျှင်  အိမ်ခြေ( ၁၂၅ ) အိမ် နှုန်းဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက နေ့စဉ်ကောက်ယူသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း မုံရွာမြို့နယ် ကျွဲရဲ(တောင်)နှင့် (မြောက်) ‌ကျေးရွာ၌  အဖွဲ့ ( ၅ )ဖွဲ့ ခွဲ ၍ ကောက်ယူလျက်ရှိ ကြောင်းသိရှိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွဲရဲ(မြောက်) ကျေးရွာအတွင်းရှိ ကောက်ကွက် ၃ ကွက်အား အဖွဲ့ ၅ ဖွဲ့ခွဲကာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ ကျေးရွာနေပြည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျေးရွာ ဖွံ့ဖြိုးလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမှုအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မုံရွာမြို့နယ်အတွင်းရှိ ရုံးကြီးရပ်ကွက်တွင် ကောက်ကွက် ၂ ကွက်၊ သပြေတော ကျေးရွာတွင် ကောက်ကွက် ၁ ကွက်၊ ကော်လပြကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(တောင်) ကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(မြောက်) ကျေးရွာတွင် ကောက်ကွက် ၃ ကွက် စုစုပေါင်းကောက်ကွက် ၁၀ ကွက်ဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူလျှက်ရှိပြီး စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအား  အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ (၁၂)ရက်နေ့အထိ အိမ်‌ထောင်စု(၁၄၅၄)စု လူဦးရေ(၄၀၃၆)ဦး  ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)