ပန်းတောင်း အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး က စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဗဟုသုတများအချင်းချင်း နှီးနှောဖလှယ်ကြရန်၊ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကိုချစ်မြတ်နိုးသူများ အချင်းချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့်စာပေကို တန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ ဦးလှကျော် က စာရေးဆရာ သန်းထိုက် (ရွှေရိပ်)ရေးသားထားသော “ပုရွက်ဆိတ်လိုလူသားလားနှင့်ဘဝအတွက်ဖတ်စရာများ” စာအုပ်နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)